ခဏခဏ မေ့တတ်တာ အိုမင်းလာလို့များလား
ခုလေးတင် ကိုင်ထားတာကို ဘယ်နားချမိမှန်းမိသိလို့ဆိုပြီး ရှာနေရတာ မူးနောက် အချိန်ကုန်ရင်း တစ်နေ့တာ အချိန်တော်တော်များများကို ကုန်ဆုံးနေရပြီလား။ ဒီလိုမေ့တာကလည်း အသက်ရလာလို့များလား ဆိုပြီးတော့ရော စိတ်ညစ်နေပြီလား။ ဒါဆိုရင်တော့ ခဏခဏ မေ့တတ်တာက အသက်ရလာလို့လား ဒါမှမဟုတ် အခြား အချက်တွေကြောင့်လားဆိုတာကို ကိုယ်တိုင်ဆန်းစစ်လို့ ရအောင် စာလေးကို ဆုံးအောင် ဖတ်ကြည့်လိုက်ပါ။
လူတွေမှာ မေ့တတ်တာကို ဖြစ်စေနိုင်တဲ့ အချက်တွေကတော်တော်လေးတော့ များပါတယ်။ ကိုယ်တိုင်မေ့တတ်တာက အသက်ရလာတာ အပြင် ဒီအချက်တွေနဲ့များ တိုက်ဆိုင်နေသေးလားဆိုတာ ဆန်းစစ်လိုက်ပါ။
အရက်သောက်တာ
အရက်သောက်တာက ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ကို ထိခိုက်စေနိုင်ပါတယ်။ တစ်နေ့ကို ၂ ခွက်ထက် ပိုပြီး အရက် အပါအဝင် အယ်လ်ကိုဟောပါတဲ့ သောက်စရာတွေကို သောက်သုံးတာက ခဏခဏ မေ့တတ်တာကို ဖြစ်စေနိုင်ပါတယ်။
စိတ်ဓာတ်ကျနေတာ
စိတ်ဓာတ်ကျနေတဲ့အခါ အရာရာကို အာရုံစိုက်ဖို့ ခက်သလို မှတ်မိနိုင်စွမ်းလည်း ကျဆင်းလာပါတယ်။ ဒီလိုကနေ ခဏခဏ မေ့တာက ဖြစ်လာတော့တာပေါ့။
အိပ်ရေးပျက်တာ
အိပ်ရေးပျက်တာကလည်း မှတ်မိနိုင်စွမ်းကို ကျဆင်းစေနိုင်ပါတယ်။ အိပ်ရေးပျက်လေလေ ခဏခဏ မေ့လေလေ ဖြစ်လာမှာပါ။ ဒါကြောင့် ခဏခဏ မေ့တတ်လာပြီဆိုရင် အိပ်ချိန် နည်းနေတာလားဆိုတာကို နည်းနည်းလောက် ဆန်းစစ်ကြည့်လိုက်ပါ။
သောက်သုံးနေရတဲ့ ဆေးဝါးတွေ
ကျန်းမာရေး အခြေအနေ တစ်ခုခုကြောင့် သောက်နေရတဲ့ ဆေးတွေကြောင့်လည်း မှတ်မိနိုင်စွမ်း ကျဆင်းပြီး ခဏခဏ မေ့တတ်တာမျိုး ဖြစ်လာနိုင်ပါတယ်။ ဥပမာ - စိတ်ဓာတ်ကျတာကို သက်သာစေဖို့ သောက်ရတဲ့ ဆေးတွေ၊ အိပ်ဆေးတွေ၊ အဖျားပျောက်ဆေးတွေနဲ့ ဓာတ်မတည့်မှု သက်သာစေတဲ့ ဆေးတွေပါ။
စိတ်ဖိစီးတာ
အလွန်အကျွံ စိတ်ဖိစီးတာ၊ နာတာရှည် စိတ်ဖိစီးတာတွေက မှတ်ဉာဏ်ကို ထိခိုက်စေပြီး ခဏခဏမေ့တတ်တာကို ဖြစ်စေနိုင်ပါတယ်။
အသက်ရလာတာ
နောက်ဆုံး တစ်ခုကတော့ အပေါ်မှာ ပြောခဲ့ဖူးသလိုပဲ အသက်အရွယ် ကြီးရင့်လာတာကြောင့်ပါ။ အသက်အရွယ် ကြီးရင့်လာတာကဦးနှောက်နဲ့ စွမ်းဆောင်ရည်ကို ကျဆင်းလာတာကြောင့် မှတ်မိနိုင်စွမ်း နည်းစေပြီး ခဏခဏ မေ့တတ်တာမျိုး ဖြစ်လာနိုင်ပါတယ်။
တကယ်လို့ မေ့တတ်လာတာက ခပ်စိတ်စိတ် ဖြစ်လာမယ် အသက်အရွယ်ကလည် ကြီးရင့်နေပြီဆိုရင် အယ်လ်ဇိုင်းမားရဲ့ အစပျိုးလက္ခဏာလားဆိုတာကို သိရှိနိုင်စေဖို့ ဆရာဝန်နဲ့ သေချာလေး ပြသဖို့ လိုပါမယ်။
မွန်မွန်